SSD vs HDD ကွာခြားချက်
SSD vs HDD
သင့်ကွန်ပျူတာအတွက် ဘယ် Storage Device ကို ရွေးချယ်မှာလဲ...
(Hard Disk လား... SSD လား...)
Storage Device ဆိုတာ ကွန်ပျူတာနဲ့ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတွေမှာ သင့်ရဲ့ဒေတာအချက်အလက်၊ အလုပ်၊ ဓာတ်ပုံနဲ့ ဗီဒီယိုစတာတွေကို စက်ပိတ်လိုက်ရင်တောင် မပျောက်ပျက်အောင် သိမ်းဆည်းပေးထားနိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
ကွန်ပျူတာတစ်လုံးအတွက် Operating System (ဥပမာ Windows/ Mac) တင်ဖို့၊ ဆော့ဝဲလ်တွေသွင်းဖို့အဓိက အသုံးပြုတဲ့ Storage Device တွေကတော့ Hard Disk နဲ့ SSD (Solid State Drive) တွေဖြစ်ပါတယ်။
ဒီတော့ သင့်အတွက် ဘယ်ရွေးချယ်မှုကအကောင်းဆုံးဖြစ်မလဲ ဆက်လက်လေ့လာကြရအောင်။ လက်ရှိဈေးကွက်ထဲမှာ အသုံးများတဲ့ Storage Device တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ HDD (Hard Disk)
၂။ HHD (Hybrid Hard Drive)
၃။ SSD
[၁။ SSD (SATA) ၂။ M.2 SSD (SATA) ၃။ M.2 SSD (PCIE)]
(2020 မှာ SSD ဆိုတာ သိယုံနဲ့မလုံလောက်တော့ပဲ ဘယ်လို SSD လဲဆိုတာပါ နားလည်းထားတဲ့အချိန်ရောက်လာပြီမို့ဆက်ပြီး လေ့လာကြည့်ကြပါစို့။) ===
၁။ HDD (Hard Disk)
အားလုံးရဲ့မိတ်ဆွေဟောင်းကြီးပါ။ ဒေတာတွေကို လည်ပတ်နေတဲ့ သတ္တုပြားတွေပေါ်မှာ သိမ်းဆည်းပါတယ်။ အရွယ်အစားအားဖြင့် 3.5 inch (Desktop) နဲ့ 2.5 inch (Laptop) ဆိုပြီး နှစ်မျိုးလာပါတယ်။
အားသာချက်
😘 ဈေးနှုန်းသက်သာခြင်း
😘 သိမ်းဆည်းနိုင်မှုပမာဏကြီးမားခြင်း (၂၀၁၈မှာ 12 TB အထိသိမ်းနိုင်တဲ့ HDD တွေရနိုင်ပါပြီ။)
အားနည်းချက်
🤔 ဒေတာတွေ ကူးပြောင်းတာ အလွန်နှေးပါတယ်။ အကြမ်းအားဖြင့် တစ်စက္ကန့်ကို ဒေတာကူးပြောင်းနှုန်း 100 MBps ဝန်းကျင်ရှိပါတယ်။
🤔 အလေးချိန်နဲ့ပါဝါစားမှုမှာ SSD တွေထက်ပိုများပါတယ်။
🤔 ပြုတ်ကျတာ၊ ဆောင့်မိတာနဲ့ အကြမ်းမခံပါဘူး။ ဒေတာတွေပျက်စီးဖို့ဖြစ်နိုင်ခြေပိုများပါတယ်။
(လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့အတွက် အသုံးပြုချိန် နှစ်အနည်းငယ်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာနိုင်သလို ထိခိုက်မိရင်လည်းဖြစ်တတ်ပါတယ်။)===
၂။ HHD (Hybrid Hard Drive)
HHD ဆိုတာ HDD ကို SSD သေးသေးလေးနဲ့တွဲဖက်ထားတာဖြစ်ပါတယ်။ SSHD (Solid State Hard Drive) လို့လည်းခေါ်ပါတယ်။
ဥပမာအားဖြင့် 1000GB HDD နဲ့အတူ 16GB SSD ကိုတပ်ဆင်ထားပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ Drive တစ်ခုအနေနဲ့ပဲအလုပ်လုပ်ပါတယ်။ အသုံးပြုသူရဲ့ Operating System ဖိုင်တွေနဲ့အဖွင့်များတဲ့ ဆော့ဝဲလ်တွေကို အလိုအလျောက် SSD ဘက်ခြမ်းကို ကူးယူးပေးထားပါတယ်။ ဒါကြောင့် စက်ဖွင့်တာ၊ ဆော့ဝဲလ်တွေ ဖွင့်တာမှာ ပုံမှန် HDD ထက်ပိုသွက်ပါတယ်။ ဒါပေမယ့် ထင်သလောက်အလုပ်မဖြစ်လို့သိပ်ပြီး ဈေးကွက်မဝင်လှပါဘူး။ အရွယ်အစားအားဖြင့် 3.5 inch (Desktop) နဲ့ 2.5 inch (Laptop) ဆိုပြီး နှစ်မျိုးလာပါတယ်။
အားသာချက်
😘 စက်ဖွင့်တာ၊ ဆော့ဝဲလ်တွေ ဖွင့်တာမှာ ပုံမှန် HDD ထက်ပိုသွက်ပါတယ်။
😘 ဈေးနှုန်းက SSD တွေထက်ပိုပြီး တွက်ခြေကိုက်ပါတယ်။
😘 သိမ်းဆည်းနိုင်မှုပမာဏကြီးမားခြင်း
အားနည်းချက်
🤔 HDD ကိုအခြေခံထားလို့အားနည်းချက်တွေကလည်းတူတူပဲဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာလဲ HDD ထက် တစ်ဆခွဲလောက်ပိုများပါတယ်။
🤔 ဒေတာတွေ ကူးပြေင်းနှုန်းက HDD နဲ့အတူတူပဲဖြစ်ပါတယ်။ အကြမ်းအားဖြင့် တစ်စက္ကန့်ကို ဒေတာကူးပြောင်းနှုန်း 100 MBps ဝန်းကျင်ရှိပါတယ်။
🤔 အလေးချိန်နဲ့ပါဝါစားမှုမှာ SSD တွေထက်ပိုများပါတယ်။
🤔 ပြုတ်ကျတာ၊ ဆောင့်မိတာစတဲ့ အကြမ်းမခံပါဘူး။ ဒေတာတွေပျက်စီးဖို့ဖြစ်နိုင်ချေပိုများပါတယ်။ (လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့အတွက် အသုံးပြုချိန် နှစ်အနည်းငယ်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာနိုင်သလို ထိခိုက်မိရင်လည်းဖြစ်တတ်ပါတယ်။)
၃။ SSD
SSD အားလုံးမှာ ဒေတာတွေကို အိုင်စီ (Flash Memory) ပေါ်မှာ သိမ်းဆည်းကြပါတယ်။ ရွေ့ရှားနေတဲ့ အစိတ်အပိုင်းတွေမပါတော့လို့ပျက်စီးနိုင်စရာလျော့နည်းပြီး ပိုအကြမ်းခံပါတယ်။ အလေးချိန်နဲ့ပါဝါစားလည်းသက်သာသွားတဲ့အတွက် Laptop တွေမှာ အလွန်အကျိုးရှိပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch (Laptop) အရွယ်တစ်မျိုးပဲလာပါတယ်။ 2.5 inch Drive အတွက် နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
(SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) = M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) = M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
(M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှာ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
အားသာချက်
😘 SSD တွေက စွမ်းဆောင်ရည်အလွန်မြန်ပါတယ်။ ဒေတာကူးပြောင်းနိုင်စွမ်းမှာ HDD တွေထက် ၅-၁၀ ဆလောက်အထိပိုကောင်းကြပါတယ်။ စက်ဖွင့်တာဖြစ်ဖြစ်၊ ဆော့ဝဲလ်တွေ သုံးတာဖြစ်ဖြစ်၊ ဖိုင်တွေကူးတာဖြစ်ဖြစ် သိသိသာသာသာ မြန်ပါတယ်။ SSD သုံးပြီး HDD ကို ပြန်လှည့်မကြည့်ချင်လောက်အောင်ကွာပါတယ်။
SSD အမျိုးအစားအလိုက် ဒေတာကူးပြောင်းနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
⏱️SSD (SATA) = 550 MBps
⏱️M.2 SSD (SATA) = 550 MBps
⏱️M.2 SSD (NVMe) = 3000 MBps++
( 💥 💥 💥SSD မှာ မော်ဒယ်နဲ့သိမ်းဆည်းနိုင်မှုပမာဏအလိုက် အမြန်နှုန်းကွာခြားပါတယ်။)
😘 ပါဝါစားသက်သာတယ်။ အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
😘 အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
😘 အကြမ်းခံတယ်၊ ပျက်ဖို့လည်းဖြစ်နိုင်ခြေပိုနည်းပါတယ်။
အားနည်းချက်
🤔 ဈေးနှုန်းမြင့်မားခြင်း။ HDD တွေထက်ဈေးနှုန်း သိသိသာသာ မြင့်မားပါတယ်။ ဒါကြောင့် Operating System သွင်းတာ၊ ဆော့ဝဲလ်သွင်းတာတွေအတွက် အဓိကထားပြီးသုံးကြပါတယ်။ ပုံတွေ၊ ဗီဒီယိုတွေ ဒေတာတွေအများကြီး သိမ်းဖို့ဆို Hard Disk သီးခြားနဲ့အသုံးပြုကြပါတယ်။ Laptop တွေမှာ နေရာတစ်ခုပဲရှိရင် သိမ်းဆည်းနိုင်မှု ငယ်တဲ့ SSD သုံးမလား၊ အများကြီးသိမ်းနိုင်တဲ့ HDD သုံးမလား ဝေခွဲရခက်တတ်ပါတယ်။
(အက်ဒမင်ကတော့ SSD ကိုပဲရွေးမှာပါ။ အများကြီးသိမ်းချင်ရင် External HDD နဲ့တွဲသုံးလိုက်ပါမယ်။)
🤔 M.2 SSD ချိတ်ဆက်ဖို့အပေါက်တွေက ကွန်ပျူတာတိုင်းမှာ မပါပါဘူး။
===
...
⁉️ ⁉️ သင့်ကွန်ပျူတာအတွက် ဘယ် Storage Device ကို ရွေးချယ်မှာလဲ...
🌟ဘက်ဂျက်နည်းနည်းနဲ့ ဒေတာတွေ အများကြီးသိမ်းချင်တယ်ဆိုရင်တော့ HDD ကိုရွေးပါ။ နှေးတယ်ဆိုပေမယ့် ပေးရတဲ့ တန်ဖိုးနဲ့အများကြီးသုံးရပါတယ်။
🌟ဘက်ဂျက်လည်းသုံးနိုင်တယ်။ မြန်တာလည်းကြိုက်တယ်ဆိုရင်တော့ SSD ကိုသုံးပါ။ ၂၀၁၈ မှာ SSD ကိုဦးစားပေးသုံးသင့်နေပါပြီ။
-လက်ရှိ ကွန်ပျူတာကို SSD ဖြည့်စွက်လိုက်ရင်လည်း အမြန်နှုန်းကိုသိသိသာသာခံစားရမှာဖြစ်ပါတယ်။ အကောင်းဆုံးအဆင့်မြှင့်တင်မှုတစ်ခုလို့ပြောချင်ပါတယ်။
- Desktop တွေမှာ အလွယ်တစ်ကူ SSD တစ်လုံးထပ်မံ ဖြည့်စွက်နိုင်ပါတယ်။ Operating system နဲ့ဆော့ဝဲလ် တွေကို SSD မှာထားပြီး ဒေတာတွေကို HDD မှာထားနိုင်ပါတယ်။ 240GB လောက်တော့ အနည်းဆုံး သုံးသင့်ပါတယ်။
- Laptop ဆိုရင်လည်း SSD နဲ့လဲလှယ်ပြီး HDD အဟောင်းကို External အနေနဲ့ပြန်သုံးလို့ရပါတယ်။ External HDD လုပ်တဲ့ ကာဗာ (HDD Enclosure) ကလည်း ၁၅၀၀၀ ကျပ်ဝန်းကျင်နဲ့ဝယ်လို့ရပါတယ်။
🌟 Gaming Laptop နဲ့ Gaming Desktop မှာ HDD ပဲသုံးနေသေးတယ်ဆိုရင်တော့ အဆင့်မြှင့်သင့်ပါပြီ။ အသုံးစရိတ်နည်းနည်းချွေတာပြီး SSD ဝယ်လိုက်ပါ။
🌟 Business အတွက်သုံးနေ တဲ့လက်တော့တွေလား။ သင့် ဘက်ဂျက်နဲ့ကွန်ပျူတာက လက်ခံနိုင်ရင် SSD လဲလိုက်ပါ။ ကိုယ်တစ်ယောက်တည်း အလုပ်ထိုင်လုပ်နေတာဖြစ်ဖြစ်၊ မီတင်တွေမှာဖြစ်ဖြစ် စက်ကြီးဂွမ်းနေတာတွေ ကင်းဝေးသွားပါလိမ့်မယ်။
🌟 ပရိုဖက်ရှင်နယ်အလုပ်တွေလုပ်မယ်ဆိုရင်၊ စောင့်ဆိုင်းနေရမယ့်အချိန်တွေကို ဝင်ငွေအဖြစ်ပြောင်းလဲနိုင်တယ်ဆိုရင်တော့ M.2 PCIE ကိုရွေးချယ်သင့်ပါတယ်။ SSD တန်ဖိုးသာမက သင့်ရဲ့ Motherboard ကိုပါအဆင့်မြှင့်တင်ရတဲ့ ကုန်ကျစရိတ်ပါရှိနိုင်တယ်ဆိုတာ တော့ ကြိုတင်တွက်ချက်ထားစေချင်ပါတယ်။
Comments
Post a Comment